မရဏဓမ္မ စာမူ

ဝိပဿနာ တရားရှုမှတ်ခြင်း

နိဒါန်း

   ၁။ ယနေ့ခေတ်တွင် အခြေအနေ အမျိုးမျိုးမှာ ရှင်သန်နေထိုင်ကြတဲ့ လူတိုင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း စတဲ့ စိတ်အဆင်မပြေမှုတွေကို ကြုံ‌တွေ့ရတတ်ပါတယ်။ ဒီလိုကြုံရတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ “ဒွါရ” တို့နှင့် ရုပ်အဆင်းပုံရိပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့မှု၊ ကြံတွေးစရာ ဆိုတဲ့ “အာရုံ”တို့တွေ့ဆုံမှုကြောင့် မြင်သိစိတ်၊ ကြားသိစိတ်၊ အနံ့သိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်၊ ကြံ‌တွေးသိစိတ် ဆိုတဲ့ စိတ်ခြောက်မျိုး ဖြစ်ပါတယ်။       ၂။ ဒီစိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်တွေကို မေ့သွားပြီး ကောင်းတဲ့ အရာတွေကို ကောင်းတယ်လို့ ဆုံးဖြတ်တဲ့အတွက် လိုချင်မှု ဆိုတဲ့ “လောဘ” ဖြစ်ပါတယ်။ လိုချင်တဲ့ အရာတွေကို မရတဲ့အခါ စိတ်ဆိုး၊ စိတ်ညစ်မှုတွေဆိုတဲ့ “ဒေါသ” ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း စတဲ့ စိတ်အဆင်မပြေမှုတွေဟာလဲ “ဒေါသ”ပဲ ဖြစ်ပါတယ်။    ၃။ ဒီတော့ စိတ်အဆင်မပြေမှုရဲ့ အခြေခံက လိုချင်မှု ဆိုတဲ့ “လောဘ” ကြောင့်သာ ဖြစ်ပါတယ်။     ၄။  မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဗာဟိယသုတ်မှာ-   “ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ။ သုတေ သုတ မတ္တံ ဘဝိဿတိ။ မုတေ မုတ မတ္တံ ဘဝိဿတိ။ ဝိညာတေ ဝိညာတ မတ္တံ ဘဝိဿတိ။” ဆိုတဲ့     “မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့”ဟု ဤသို့ သင်သည် ကျင့်အပ်၏ လို့ ဟောပါတယ်။     ၅။ ဒီနည်း အတိုင်း တရားရှုမှတ်ရင် စိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်တွေကို မမေ့ပဲနဲ့ ကောင်းတဲ့ အရာတွေကို ကောင်းတယ်လို့ မဆုံးဖြတ်လို့ လိုချင်မှု ဆိုတဲ့ “လောဘ” မဖြစ်တော့ပါဘူး။ လိုချင်မှု ဆိုတဲ့ “လောဘ” မဖြစ်လို့ လောဘကြောင့် ဖြစ်နိုင်တဲ့ စိတ်ဆိုး၊ စိတ်ညစ်မှုတွေဆိုတဲ့ “ဒေါသ” မဖြစ်တော့ပါ။ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းစတဲ့ ဒေါသစာရင်းဝင် စိတ်အဆင်မပြေမှုတွေလဲ မဖြစ်တော့ပါဘူး။      ၆။ ဒီနည်းမှာ မြင်သိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “မြင် ဒါမှမဟုတ် မြင်တယ်”လို့၊ ကြားသိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “ကြား ဒါမှမဟုတ် ကြားတယ်”လို့၊ အနံ့သိစိတ် အရသာသိစိတ် ထိသိစိတ် တစ်ခုခုက ထင်ထင်ရှားရှား ဖြစ်နေရင် “ထိ ဒါမှမဟုတ် ထိတယ်”လို့၊ ကြံတွေးသိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “တွေး ဒါမှမဟုတ် တွေးတယ်”လို့ ဆိုတဲ့ လက်တွေ့ဖြစ်နေတဲ့  စိတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်တဲ့ စကားလုံးတွေကို စိတ်နဲ့ ရွတ်ဆိုပေးရပါတယ်။   ၇။ ဒီစကားလုံးတွေက ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ ဆုံးဖြတ်တဲ့ စကားလုံးတွေနဲ့မတူပါဘူး။ ဒီလို ဆုံးဖြတ်ရွတ်ဆိုတဲ့နည်းက စိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်ကို သတိရလာပြီး လိုချင်မှု ဆိုတဲ့ “လောဘ”ကို မဖြစ်အောင် ထိန်းပေးနိုင်တာဖြစ်ပါတယ်။ လောဘကြောင့် ဖြစ်ပေါ်လာမည့် ဒေါသ၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းစတဲ့ ပြဿနာအားလုံးကို ငြိမ်းချမ်းစေမှာပါ။   ၈။ ဒီစာအုပ်မှာ စိတ်ခြောက်မျိုးကို ဆုံးဖြတ်ရွတ်ဆို၍ ရှုမှတ်ခြင်းနည်းသာမက စိတ်နဲ့ဆုံးဖြတ်ရွတ်ဆိုတဲ့ စကားလုံးတွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း နှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ တို့ကို ရှုမှတ်ရမည့်နည်းကိုပါ အသေးစိတ် ပြောပြပေးထားပါတယ်။

၁။ ဗာဟိယသုတ်အရ ဝိပဿနာတရား ရှုမှတ်ပွားများခြင်း

၁၊၁။ နိဒါန်းက

  ၉။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ်၊ ဥဒါန်း၊ ဗောဒိဝဂ်၊ ဗာဟိယသုတ်မှာ-   “ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ။ သုတေ သုတ မတ္တံ ဘဝိဿတိ။ မုတေ မုတ မတ္တံ ဘဝိဿတိ။ ဝိညာတေ ဝိညာတ မတ္တံ ဘဝိဿတိ။” ဆိုတဲ့     “မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့”ဟု ဤသို့ သင်သည် ကျင့်အပ်၏ လို့ ဟောပါတယ်။      ၁၀။ အထက်က စာပိုဒ်အရ ဦးဇင်းတို့ စိတ်ထဲမှာ မြင်သိစိတ် ထင်ရှားခဲ့ရင် မြင် ဒါမှမဟုတ် မြင်တယ်၊ ကြားသိစိတ် ထင်ရှားခဲ့ရင် ကြား ဒါမှမဟုတ် ကြားတယ်၊ အနံ့သိစ်တ် အရသာသိစိတ် ထိတွေ့သိစိတ် တို့ ထင်ရှားခဲ့ရင် ထိ ဒါမှမဟုတ် ထိတယ်၊ ကြံတွေးသိစိတ် ထင်ရှားခဲ့ရင် တွေး ဒါမှမဟုတ် တွေးတယ် ဆိုတဲ့  သက်ဆိုင်ရာ စိတ်နဲ့ဆိုင်တဲ့ စကားလုံးတွေကို စိတ်နဲ့ရွတ်ဆိုရပါတယ်။    ၁၀။ စိတ်နဲ့ရွတ်ဆိုခြင်းသည် ကမ္မဋ္ဌာန်းနည်းတိုင်း သုံးစရာမလိုပါဘူး။ ဒါပေမယ့် ယခု ဗာဟိယသုတ်အရ ရှုမှတ်နည်းမှာ စိတ်ခြောက်မျိုးကို ကြည့်ရတဲ့အတွက် စိတ်ပျံ့လွင့်လွယ်ပြီး အတွေးတွေများတတ်လို့ ရွတ်ဆိုတဲ့နည်းကို သုံးဖို့လိုအပ်ပါတယ်။     ၁၁။ မြတ်စွာဘုရား‌ ဟောကြားခဲ့တဲ့ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ မနသိကာရသုတ်မှာ-    အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။     အာနန္ဒာ ဤလောက၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏''ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းအား မျက်စိကို နှလုံး မသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။       ၁၂။ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ ပဌမ သညာသုတ်မှာ-  အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ အာနန္ဒာ ဤသို့ဖြစ်လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ် ရာ၊ တပါးသောလောက၌ တပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင် ရာ၏ဟု (မိန့်တော်မူ၏)။    ၁၃။ မနသိကာရသုတ်နှင့် ပဌမသညာသုတ် တို့အရ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးကို နှလုံးသွင်းခြင်း၊ အမှတ်ရှိခြင်း ဟု ဟောကြားထားသောကြောင့် ရွတ်ဆိုခြင်းကို အသုံးပြုပါတယ်။ ယခု သုတ်နှစ်ခုအရ စိတ်နဲ့ရွတ်ဆိုခြင်းကို အသုံးပြုဖို့ ပိုပြီးသေချာခဲ့ပါတယ်။ တကယ်လက်တွေ့ သုံးတဲ့အခါလဲ တရားရှုမှတ်မှုကို ပိုပြီးတိုးတက်လာတာကို သိလာရပါတယ်။     ။ ရှုမှတ်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို  နောက်ခေါင်းစဉ်မှာ စတင်ပြောပြပေးပါမယ်။

၂။ ပဋိသမ္ဘိဒါမဂ်၊ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းအရ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုမှတ်ပွားများခြင်း

၂၊၁။ နိဒါန်း

။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းမှာ-    ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှုမြင်နိုင်သောပညာသည် အဘယ်သို့လျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်သနည်း။ ဖြစ်ပေါ်လာသောရုပ်သည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ရုပ်၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဖြစ်ခြင်း 'ဥဒယ' မည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဖြစ်ပေါ်လာသော ဝေဒနာသည်။ ဖြစ်ပေါ်လာသော သညာသည်။ ဖြစ်ပေါ်လာသော သင်္ခါရတို့သည်။ ဖြစ်ပေါ်လာသော ဝိညာဉ်သည်။ ဖြစ်ပေါ်လာသော မျက်စိသည်။ပ။ ဖြစ်ပေါ်လာသော ဘဝသည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ဘဝ၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဥဒယမည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။

ချိန်ညှိချက်များ

×

မာတိကာ